အခန်း (၁)
Glory Wint စိန် ဆိုင်ရှေ့တွင် အနက်ရောင် ကားကြီးတစ်စီး ရပ်လိုက်သည်။ ထို့နောက် ကားပေါ်မှ လှပ ဖြူဖွေးတဲ့ အမျိုးသမီးတစ်ဦး ဆင်းလာသည်။ ဒေါ်ရိုစီဝင့်။ဆွဲဆောင်အားကောင်းတဲ့ ဟန်မူယာက အမျိုးသမီးဝတ် အစိမ်းပုပ်ရောင် အနောက်တိုင်းဝတ်စုံအောက်က ကျော့ရှင်းလှတဲ့ ကောက်ကြောင်း တွေကြောင့် ပို၍ ပေါ်လွင်သယောင်။ဒေါ်ရိုစီဝင့်သည် စိန်ဆိုင် ထဲသို့ ကျော့ကျော့မော့မော့ လျှောက်ဝင်လာခဲ့သည်။
Glory Wyint ၏ တစ်ဦးတည်းသော ပိုင်ရှင် သူဋ္ဌေးမကြီး ဒေါ် ရိုစီဝင့် ကို ဝန်ထမ်းအားလုံးက ခေါင်းငုံ့ကာ အရိုအသေ ပေးကြသည်။ မန်နေဂျာ မျိုးလင်းက ဒေါ်ရိုစီဝင့်အနီးသို့ အလျှင်အမြန် လျှောက်သွားပြီး ကြိုဆိုကာ ဒေါ်ရိုစီဝင့်ရဲ့ နောက်မှ လိုက်သွားသည်။။ ဒေါ်ရိုစီဝင့်က တလက်လက် တောက်ပလွန်းတဲ့ Jewellery အရောင်း ခန်းမကို ဖြတ်ကျော်ပြီး သူမရဲ့ ရုံးခန်းရှိရာသို့သာ တန်းတန်း မတ်မတ် လျှောက် ဝင် သွားသည်။ ကြီးကျယ် ခမ်းနား တဲ့ ရုံးခန်းအတွင်းမှာ ထိုင်ပြီးတာနဲ့ မန်နေဂျာဖြစ်သူအား မေးသည်။
“ကဲ၊ ပြော မျိုးလင်း”
“ဟုတ်ကဲ့ဘော့စ် ၊ နေ့လည်လောက် ဝယ်နေကျ ဖောက်သည် ဒေါ်သက်တင်တို့ သားအမိ စိန်ထည် လာကြည့်ဖို့ ချိန်းထားပါတယ်။ နောက်ပြီး ကျွန်တော် ဝန်ထမ်းသစ် တချို့ ခန့်ထားပါတယ်။ ဘော့စ် ထပ်ပြီးအတည်ပြုချင်သေးရင်”
“ရပြီ။ ဒေါ်သက်တင်တို့ကို ငါ့အစား မင်းပဲ ဧည့်ခံပေးပါ။လိုအပ်တဲ့ စိန်ထည်တွေကို သေသေချာချာ ပြပေးလိုက်။ နောက်ပြီး ဝန်ထမ်းကိစ္စကို မင်းပဲ အစ အဆုံး စီမံပါ။ Report မှာပဲ တစ်ချက် ပြန်ကြည့်လိုက်မယ်။ ဒီနေ့ ငါ အရေးကြီးလို့ အပြင်သွားစရာရှိတယ်။အဲ့ဒါ ပြီးရင် ကုမ္ပဏီ မီတင် သွားရဦးမယ်။ ဆိုင်မှာ မင်းကို အစစအရာရာအတွက် စိတ်ချမယ်နော် မောင်မျိုးလင်း”
“ဟုတ်ကဲ့ ဘော့စ်”
အလုပ်ကိုသာ ဦးစားပေးလုပ်တတ်ပြီး ရုံးက သိပ် မခွာတတ်တဲ့ ဘော့စ်ဖြစ်သူ ဒေါ်ရိုစီဝင့်က အရေးတကြီးကိစ္စရှိတယ် ဆိုသောကြောင့် မန်နေဂျာ မျိုးလင်း တစ်ယောက် အနည်းငယ် ထူးဆန်းသလို ခံစားရသည်။
ဒေါ်ရိုစီဝင့်ဆိုသည်မှာ စိန်နှင့် ကျောက်မျက်ရတနာ လုပ်ငန်းကို ကျွမ်းကျင်သူဖြစ်ပြီး ထို နယ်ပယ်တွင် ကျင်လည်လာတာလည်း ဆယ်စုနှစ် တစ်ခုစာ မက တော့ပေ။ ဒါ့အပြင် တခြား ကုမ္ပဏီများတွင်လည်း ရှယ်ယာရှင် ဖြစ်သည်။ ချမ်းသာကြွယ်ဝ ထက်မြက်ရုံမက လှလွန်းတဲ့၊ အရှုပ်အရှင်းကင်းပြီး တစ်သီးတသန့်ဆန်တဲ့ ဒေါ်ရိုစီဝင့်ရဲ့ ဂုဏ်သတင်းမှာ ထင် ပေါ် သည်။
ဒေါ်ရိုစီဝင့်သည် အသက် သုံးဆယ့်တစ်နှစ်သာ ရှိသေးပေမယ့် တည်ငြိမ်လွန်းတဲ့ သွင်ပြင်အမူအရာနှင့် လုပ်ငန်း အရှိန်အဝါကြောင့် လူတကာ၏ အားကျခြင်းကို ခံရသည်။ အရှိန်အဝါကြောင့် ဒေါ် တပ်၍ ခေါ်ရပေမယ့် အသက် သုံးဆယ်ကျော်ဟု ထင်မှတ်ဖွယ်မရှိလောက်အောင် နုပျိုပုံက ၂၅နှစ်ကျော်ကျော် အမျိုးသမီး တစ်ဦးလို ထင်ရသေး၏။
ဒေါ်ရိုစီဝင့်သည် လူအများနှင့် ဆက်ဆံရာတွင် လုပ်ငန်းကိစ္စဖြင့် ပြောဆို ပတ်သက်ရခြင်းကလွှဲ၍ အနေ ရှင်းသည်။အနေကင်းရှင်းသော်လည်း သက်ဆိုင်ရာ အဝန်းအဝိုင်းတွင် ကျယ်ပြန့်သည်။ သူမလို ချမ်းသာတဲ့ အသိုင်းအဝိုင်း၊အထက်တန်းကျတဲ့ မိတ်ဆွေ အနည်းငယ်နှင့်သာ အဆက်အဆံရှိသည်။ တော်ရုံလူဖြင့် မသိကျွမ်း၊ မခင်မင်အောင်ပင် သီးသန့်ဆန် သော ဘဝနေထိုင်မှု၌ ပျော်မွေ့နေသူဖြစ်သည်။
သူမရဲ့ နေ့တဓူဝမှာ အလုပ်ကိစ္စ အစည်းအဝေးများ၊ အလုပ်ကိစ္စ ခရီးများနှင့် သူမ၏ ကိုယ်ပိုင် ရုံးခန်းကြီး အတွင်း၌သာ ကုန်ဆုံးနေလေ့ရှိသည်။ဒီလို ဘဝနေထိုင်မှုကို ဒေါ်ရိုစီဝင့်က သူမကိုယ်သူမ အထူးတလည် ကြိုးစားသည်ဟုပင် အထင်မရောက်။ ဒီလိုမျိုး အလုပ်လုပ်နေခြင်းကိုက သူမ၏ ပုံမှန် လည်ပတ်မှု ဖြစ်နေလေသည်။
ဒေါ်ရိုစီဝင့်က မန်နေဂျာ မျိုးလင်းထွက်သွားတာနဲ့ ရှယ်ယာဝင်ထားတဲ့ ကုမ္ပဏီရဲ့ မီတင်နဲ့သက်ဆိုင်တဲ့ အချက်အလက်တချို့ကို Laptop လေးဖွင့်ပြီး ခဏ ကြည့်သည်။ ။ ပြီးတော့မှ သူမရဲ့ တစ်ဦးတည်းသော အရင်းနှီးဆုံးဖြစ်သူ သိမ့်ကို လေယာဥ်ကွင်းတွင် သွားကြိုရမည်။ သိမ့်ဆိုတာ ဒေါ်ရိုစီဝင့်ရဲ့ အတွင်းသိ ဖြစ်ပြီး မိတ်ဆွေတဖြစ်လဲ သံယောဇဥ်ကြီးရသော T & T ကုမ္ပဏီပိုင်ရှင် ဒေါ် သိမ့်ဝတီပင် ဖြစ်သည်။
တစ်နာရီခန့်ကြာတဲ့ အခါ ဒေါ်ရိုစီဝင့်တစ်ယောက် သူမရဲ့ ရုံးခန်းအတွင်းမှ ပြန်ထွက်လာသည်။ တက်ကြွပြီးလှပတဲ့ ခြေလှမ်းများဖြင့် လျှောက်ထွက်လာစဥ် ဟမ်း ဖုန်းမြည်သံကြောင့် ဖုန်းဆီ အကြည့်တစ်ချက်ရောက်သွားစဥ်မှာ တစ်စုံတစ်ယောက်နှင့် တိုက်မိသွားသည်။ တိုက်မိသည့်အရှိန်က မပြင်းထန်ပေမယ့် နှစ်ဘက်စလုံးက သိသာစွာ ဟန်ချက်ပျက်သွားရသည်။
ဒီအထိက ဘာမှမဖြစ်သေးပေမယ့် တစ်ဖက်က ကိုင်လာတဲ့ ကော်ဖီခွက်ထဲမှ ကော်ဖီက ဒေါ်ရိုစီဝင့်ရဲ့ လှပ ဖြူဖွေးလွန်းတဲ့ ခြေဖမိုးပေါ်သို့ ဖိတ်စင်ကျ ကုန်သည်။အဖြစ်အပျက်က မြန်ဆန်လွန်းသည်။ရုတ် တရက် ထူပူ နီမြန်း သွားတဲ့ သွေးများက ဒေါသကြောင့်ဖြစ်မည်ဟု ဒေါ်ရိုစီဝင့်ထင်သည်။ ဖုန်းလည်း မကိုင်ဖြစ်တော့သဖြင့် ဖုန်းဝင်သံ မှာ တီးတိုး ဆက်၍ မြည်နေသည်။ တစ်ဖက်လူကို မကြည့်အားသေးပဲ ကိုယ့်ခြေထောက်
ကိုပဲ ငုံ့ကြည့်နေချိန် ရုတ်ခနဲ သူမရှေ့မှာ ထိုင်ချလိုက်တဲ့ ပုံရိပ်လေးတစ်ခု။
မျက်စိရှေ့ရောက်လာတဲ့ နက်မှောင်လှတဲ့ ဆံနွယ်ရှည်ရှည် များ။ နောက်ပြီး တစ်ဆက်တည်း ထိုဆံနွယ်ရှည်များကို စုချည်ထားတဲ့ ပုဝါစ ဖြူဖြူ လေးကို ဖြုတ်ယူလိုက်ပြီး ဒေါ်ရိုစီဝင့်ရဲ့ ခြေဖမိုးဖြူဖြူလေးကို ပွတ်သုပ်ပေးနေတဲ့ ခပ်ဖွဖွ အထိအတွေ့။ ရုတ်ချည်းပင် ထွက်လက်စ ဒေါသ က ဘယ်ရောက်သွားမှန်းမသိ။ ဒါပေမယ့် အာရုံ နောက်သွားရသည်။ ဒီခေတ်မှာ ဒီလို လက်ကိုင်ပုဝါစနဲ့ ဆံပင် စည်းသေးသည့် မိန်းကလေးမျိုး ရှိသေးသတဲ့လား။
ဒေါ်ရိုစီဝင့် မှင်သက်နေမိသည်။ ဒီကောင်မလေးကို ဆူငေါက်ဖို့၊ တစ်ခုခုပြောဖို့ မတွေးမိပဲ သူမ ခြေဖမိုးကို သုတ်ဖယ်ပေးနေတဲ့ လက်နုနု တစ်ဖက်ကို အကြည့်ရောက်နေမိသည်။ ကော်ဖီက ပူမနေပဲ နွေးရုံလေးမို့လို့သာ သူမ ခံသာရ၏။ ဒေါ်ရိုစီဝင့် စိတ်ရှုပ်ထွေးစွာ သူမ၏ ခြေဖမိုးကို ရုတ် လိုက်သည်။ ထိုအခါမှ စိုးရွံ့စွာ မော့ကြည့်လာတဲ့ မျက်ဝန်းတစ်စုံ။ အို…။ ဘယ့်နှယ်ပါလိမ့်။ လှပ နုထွေးတဲ့ မျက်နှာကလေး။ ဒီကောင်မလေးကို ဒီမတိုင်ခင် ဒေါ်ရိုစီဝင့် တစ်ခါမှ မမြင်ဖူးချေ။ ဝန်ထမ်းအသစ်လေလား။
“ဟို ဘော့စ် ကျွန်မ ကျွန်မ တောင်းပန်ပါတယ်။ အရမ်း ပူသွားလားဟင်”
ထိုမိန်းကလေးက မတ်တပ်လည်း ရပ်မလာပဲ ဒေါ်ရိုစီဝင့်ကို မော့ငေးကြည့်ကာ စကားဆိုသည်။ အခုထိ သူမရဲ့ လက်များက ဒေါ်ရိုစီဝင့်ရဲ့ ခြေဖမိုးကို ခပ်ဖွဖွ ကိုင်ထားသေးသည်။
“ဖယ်၊ တို့ခြေထောက်ကို မထိနဲ့တော့”
ဒေါ်ရိုစီဝင့်က ထိုမျှသာ ပြောသည်။ တစ်ဖက် မိန်းကလေးရဲ့ မျက်နှာက ပိုပြီး စိုးရွံ့သွားကာ ကပြာကယာ ထရပ်သည်။ တော်တော်လှတဲ့ ကောက်ကြောင်းတွေပါပဲ။ မြန်မာ ချည်ရင်ဖုံး ကော်လံထောင် အင်္ကျီနဲ့ ထဘီကို ခြေဖျားဖုံးလုထိ ဝတ်ဆင်ထားကာ ရှည်လျားနက်မှောင်တဲ့ ဆံခြည်များကလည်း တင်ပါးထိ ဝဲလုလုဖြစ်နေသည်။ ပုံစံက မြန်မာဆန်သည်။
မြန်မာဆန်တာက မထူးဆန်းပေမယ့် ချည်ပုဝါ ဆောင်ထားတတ်တဲ့အကျင့်က ဒီခေတ်တွင် ထူးခြားသည်။ ဒါမှမဟုတ် ခေါင်းစည်းကွင်းမရှိ၍ပဲလော။ အို ဘာတွေ လျှောက်တွေးမိနေပါလိမ့်။ ရှုပ်က ရှုပ်နဲ့၊ ထို ကလေးမသာရုပ်လေးနဲ့ အရှုပ်ထုပ်မလေးက ဘယ်လိုလုပ် သူမရဲ့ ဆိုင်မှာ ရှိနေရတာလဲ။ ဝန်ထမ်းသစ်လား။ ထို ဖြူဖြူနုနု ကောင်မလေးက စိန်ဆိုင်မှာ အလုပ်ဝင်လုပ်နေတာ အသက်မှ ပြည့်သေးရဲ့လား။ ဝတ်ထားတာက ဝန်ထမ်း ယူနီဖောင်းလည်းမဟုတ်။ခေတ်လူငယ်ဖြစ်ပြီး တက်တက်ကြွကြွလည်းမရှိ။မန်နေဂျာ မျိုးလင်းတစ်ယောက် ဘယ်လို မိန်းကလေးကို အလုပ်ခန့်ထားသလဲ။အခုကိစ္စကို နောက်မှပဲ သေချာ မေးမြန်း ကိုင်တွယ်ရမည်။
ဒေါ်ရိုစီဝင်င့်သည် အတွေးများစွာကို ရပ်လိုက်ပြီး ထိုကောင်မလေးကို တစ်ချက်သာ ဝေ့ကြည့်ပြီး ဆိုသည်။
“တို့ လျှောက်လာတာ မင်း မမြင်လိုက်ဘူးလား”
“ကျွန်မ၊ ဟုတ်ကဲ့ ဘော့စ်”
မေးသာမေးလိုက်မိတာပါ။ မျက်လွှာချပြီး အဆီအငေါ်မတည့် ပြန်ဖြေတဲ့ ထိုကောင်မလေးကိုလည်း ဒေါိရိုစီဝင့်အာရုံမရောက်နိုင်ပဲ သိမ့်ဆီကိုသွားဖို့သာ စိတ်စောနေမိသည်။ ထိုနေရာက ထွက်လာပြီးတော့မှ ဒေါ်ရိုစီဝင့် အတွေးတစ်ခု တွေးလိုက်မိသေး၏။ ဘာတဲ့။ ကျွန်မ တောင်းပန်ပါတယ် ဘော့စ်တဲ့၊ ဒီအသက်အရွယ်နဲ့ ကလေးမ က သူ့ကိုယ်သူ ကျွန်မ လို့ သုံးနှုန်းသတဲ့။ ဘယ်လို ရှေးရိုးစွဲလေးလဲ။မင်းနဲ့တို့ နောက်မှထပ်တွေ့မယ် ရှေးရိုးစွဲ ချာတိတ်မလေး။
လှည့်ထွက်သွားတဲ့ ဘော့စ်ရဲ့ ကျောပြင်ကိုငေးနေပြီး
ခပ်ငူငူ ကျန်ခဲ့ရတဲ့ ကောင်မလေးသည် တဒိတ်ဒိတ်ခုန်နေသော နှလုံးသားကြောင့် ရင်ဘတ်ကို လက်နဲ့ဖိထားမတတ်ဖြစ်ရသည်။ ပြီးမှ လက်ထဲက လက်ကိုင်ပုဝါကို အမှတ်တမဲ့ ငေးစိုက်ကြည့်နေပြီး နံရံမှာ ခဏ မှီရပ်လိုက်သည်။ သူမ ဦးခေါင်းက ဆံပင်တွေကို ချည်နှောင်တဲ့ ဒီ ပုဝါစလေးနဲ့ ဘော့စ်ဆိုတဲ့ အမျိုးသမီးရဲ့ ခြေထောက်ကို ပွတ်သုပ်ပေးလိုက်မိသည်တဲ့။
ဘော့စ်နဲ့မှ တိုက်မိရသည်တဲ့။ ဂုဏ်သတင်း ကြီးကျယ်လှတဲ့ ဘော့စ် ကို သူမ စေ့စေ့တောင် မကြည့်ရဲပေ။ သူမလို သာမန် ဝန်ထမ်းတစ်ယောက်အနေနဲ့ တိတိပပ ကြည့်ခွင့် မြင်ခွင့်လည်း မရှိပေ။ဒါပေမယ့် တိုက်ဆိုင်စွာ ဆုံခဲ့ရတဲ့အခိုက်မှာ ရုတ်တရက် ထိတွေ့ရတဲ့ ဒေါက်ဖိနပ်ပေါ်က ခြေဖမိုးလေးကအစ လှရက်လွန်းသည်။ သေသေ ချာချာ မငေး ရတာတောင် ကျော့ရှင်း တောက်ပြောင်လွန်းတဲ့ ဘော့စ်ရဲ့ ဟန်မူယာက သူမ နှလုံးသားထဲထိ စွဲ ငြိ ကျန်နေရစ်ခဲ့သလို ခံစားရသည်။
ဘော့စ်နဲ့အတူ ရှိနေရတဲ့ အခိုက်အတန့်လေးမှာ မှော်ရုံတောထဲ ရောက်နေရသူလို ဖြစ်ခဲ့ရသည်။ ဟုတ်တယ်၊ဘော့စ်က ညို့ယူဆွဲဆောင်ခြင်း အလျဥ်းမရှိတာတောင် သူမ မိန်းမော ကာ တစ်စုံတစ်ခုရဲ့ ညို့ချက်မှာ ငြိ မိနေသူလို စိတ်နဲ့လူမကပ်တော့ ။ အကယ်၍များ ဘော့စ်ကသာ သူမကို ခေါ်ဆောင်မယ်ဆို စက္ကန့်မခြား လိုက်ပါသွားမယ့် ပုလွေသံနောက်က ကြွက်ငယ်လိုများ ဖြစ်သွားမလားပင် မဆိုတတ်။
ဘယ်သို့ ဘယ်ပုံ ခံစားနေရတာကို သူမ ကွဲပြားအောင် မသိ။ မခွဲခြားတတ်။ ဒါပေမယ့် ဒီ ခြေဖမိုးလေးကို သူမ လက်နဲ့ထိမိလိုက်တဲ့အခိုက်မှာ နှလုံးသွေးတို့ ရပ်သွားမတတ် ဒိတ်ခနဲ ခုန်သည်။ ကိုယ်တွင်းက လှိုက်ဖိုသည့်အသံ မြည်ဟည်းသည်။ နောက်ပြီး တစ်ကိုယ်လုံး နှုံးခွေသလို အားယုတ် လျော့နည်းသည်။
အားကျ၍လော။ မဟုတ်နိုင်။ လူရော ဘဝရော အဆင့်အတန်းရော အင်မတန် ချမ်းသာတဲ့ ၊ လှရက်တဲ့ ၊ မြင့်မားတဲ့ ဘော့စ်ရဲ့ ဘဝအနေအထားကို အားကျ၍ သူမ ယခုလို ခံစားရသည်မဟုတ်။ အသွေးအသား ၊ ဦးနှောက် ၊ နှလုံးသား တစ်ကိုယ်လုံးဆီက လာတဲ့ လှိုက်ခါ တုန်ရင် မိန်းမော သွားရတဲ့ ခံစားမှုမျိုး။ သိသာလွန်းတဲ့ ခံစားရမှုမျိုး။ အတိတ်ဘဝတစ်ခုခုက ရေစက် ကြောင့်များ အခုလို ဘာတစ်ခုမှ သိကျွမ်း ရင်းနှီးခြင်း မရှိသေးတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းလေးကို ထိသည်ဆိုရုံ ထိမိသည့်အခိုက်မှာ အာရုံနစ်မောခြင်းဆီ ဆွဲယူ စုပ်မြိုခြင်းခံရလေသလော။
ဘော့စ်ဟာ မသိနိုင်တော့တဲ့ အတိတ် အတိတ် ဘဝတွေကများ သူမရဲ့ အရှင်သခင် ဖြစ်ခဲ့သလားလေ။အရာရာကို ခေါင်းငုံ့ လိုက်လျောဖို့သာ အာရုံလွင့်မျောနေခဲ့သူတစ်ယောက် ဖြစ်ဖူးရပြီ။ ဒါပေမယ့် ဘဝတွေက မိုးနဲ့မြေလို ကွာခြားလှပါတယ်လေ။ဘယ်လိုမှ ထပ်ဆုံဆည်းဖို့ မရှိနိုင်တော့။
အို..။ သူမ အမှားကြီးတစ်ခုကို ပြုလိုက်မိပြီ။ ဘော့စ်ကိုမှ တိုက်မိခဲ့ပြီး ဘော့စ် ခန္ဓာကိုယ်ပေါ်ကို ကော်ဖီတွေ ဖိတ်စေခဲ့ပြီ။ အခုမှ ခေါင်းထဲ ဆောင့်ဝင်လာတဲ့ အသိတရားကြောင့် သူမ၏ ကိုယ်လုံးလေး မတ်ခနဲ ဖြစ်သွားသည်။ မဖြစ်ဘူး။ သူမ အရင် ဦးအောင် မန်နေဂျာဆီ သွားပြီး အလုပ်ထွက်ခွင့်တောင်းရမည်။ မဟုတ်ရင်လည်း ထွက်သင့်တဲ့ အကြောင်းရော၊ အလုပ်ထွက်ချင်တဲ့ အကြောင်းရော ဖြစ်သွားခဲ့လေပြီ။
အဲ့ဒီ အလုပ်ထွက်သင့်တဲ့ အကြောင်းဆိုတာက ဘော့စ်ကို မဆင်မခြင် ဝင်တိုက်မိခဲ့ပြီး ထွက်ချင်တဲ့ အကြောင်းကတော့ အမည်မဖော်တတ်တဲ့ နစ်နစ်မြောမြော ခံစားရမှု ကို ထပ်ပြီး မလိုလားချင်လို့သာ ဖြစ်လေသည်။တစ်ကိုယ်တည်း၊ တစ်ယောက်တည်း၊ တစ်ဖက်တည်း၊ ဖြစ်ပေါ်တဲ့ခံစားမှုမျိုး ထပ်မဖြစ်စေရဖို့ ရှောင်ပုန်းပါရစေတော့လေ။
စိတ် အားငယ်ခြင်းက လူတစ်ကိုယ်လုံးဆီသို့ စီးဝင်လာကာ နုငယ်တဲ့ မျက်နှာမှာ သိသိသာသာ မှိုင်းကျနေသည်။ နောက်ထပ် အလုပ်တစ်ခု လိုက်ရှာရမှာပေါ့လေ။ သူမလို ပညာရေး ဆုံးခန်းမတိုင်သေးတဲ့ မိန်းကလေးအတွက် အလုပ်တစ်ခု ရဖို့က ခက်ခဲလှပါဘိနဲ့။ အဖေနဲ့ ရွာကကိစ္စတစ်ခုက စိတ်ထဲရောက်လာတဲ့အခါ ရင်တွင်းမှာ ပို၍ ပူဆင်းသွားရသည်။ကံတရားရယ်၊အဘယ်သို့များ သူမ၏ ဘဝကို ခြယ်ပါဦးမလဲ။
……….
“ဘယ်လို ။ အလုပ်ထွက်ချင်လို့ ဟုတ်လား”
“ဟုတ်ကဲ့”
မန်နေဂျာ မျိုးလင်းသည် သူ့ရှေ့က ကောင်မလေးကို နားမလည်သလို စူးစမ်းကြည့်နေသည်။
“အစမ်းခန့်ကာလပဲရှိသေးတယ်လေ။ ဒီနေ့မှ အလုပ်စဝင်တာ မဟုတ်လား”
“ဟုတ်ပါတယ်”
“ဒါနဲ့ အင်တာဗျူးမှာ ကျောင်းလည်း နားထားတယ်လို့ ပြောတယ်နော်။ ဘာကြောင့် အလုပ်ထွက်ချင်တာလဲ ပြောပါဦး။ ဒီမှာလုပ်ရတာ ပင်ပန်းလို့လား”
“ကျွန်မ ရွာပြန်တော့မလို့ပါ”
မန်နေဂျာဖြစ်သူ ဦးမျိုးလင်းတစ်ယောက် အံ့သြသလိုဖြစ်သွားပြီးမှ စကားဆက်သည်။
“အင်းလေ၊ အလုပ်စဝင်တဲ့နေ့မှာ ထွက်ခွင့်ပြုပါဆိုတော့ ဘယ်လိုပြောရမလဲ၊ အစမ်းခန့်ကာလပဲ ရှိသေးတော့ ထွက်တာက ရပါတယ်။ ဒါပေမယ့် အစ်ကိုတို့က ဝန်ထမ်းတစ်ယောက်ကို အင်တာဗျူးမှာ စီစစ်ပြီးမှ ခန့်ထားတာဖြစ်လို့ နှစ်ဦးနှစ်ဖက် အလုပ်ပို သွားရတာပဲ အဖတ်တင်တာပေါ့။တကယ်ပဲ အလုပ်ထွက်မယ်ဆိုရင်တော့ ခွင့်ပြုပါတယ်”
“ကျေးဇူးတင်ပါတယ်ရှင် ဂျာကြီး”
မန်နေဂျာရှေ့က ထပြန်လာတဲ့တစ်လျှောက်လုံး သူမရဲ့ခြေလှမ်းတွေ ပေါ့ပါးနေသည်။ အဆောင်ရောက်ပြီး အခန်းထဲ ရောက်ကာစမှာပဲ သူမရဲ့ ဖုန်းလေး ထမြည်လာသည်။ကြည့်လိုက်တော့ သူမရဲ့ အဖေဆီက။ တိုက်တိုက်ဆိုင်ဆိုင် ဖုန်းဝင်လာလေပြီ။
“ဟဲလို”
“သမီးလေး ။ ဖေဖေသတိရလို့ ကွယ်”
“ဟုတ် ဖေဖေ။ ဖေဖေ နေကောင်းရဲ့လားဟင်”
“ကောင်းပါ့ သမီးရေ။ ဒါနဲ့ သမီးအသံ သိပ်မကောင်းပါလား။ အဆင်ပြေရဲ့လား၊ နေကောင်းရဲ့လားသမီး”
“ကောင်းပါတယ် ဖေဖေ”
“အေး အေး၊ ဖေဖေ ဖိန့်နွဲ့ခါဆို ဥယျာဥ်ခြံထဲကို ပြောင်းနေမလို့ သမီးကို အသိပေးတာ။ လယ်နဲ့လည်း နီးတယ်လေ။ လယ်ကို သူရင်းငှား နဲ့ထားရပေမယ့် ကိုယ်နဲ့အနီးကပ် ရှိနေတော့လည်း တစ်မျိုးကောင်းတာပေါ့ သမီးရဲ့”
“ဒါဖြင့် ရွာထဲက အိမ်ကို ဦးလှမောင်တို့ဆီကို အပြီးအပ်တော့မလို့လား ဖေဖေ”
“အပြီးရောင်းလိုက်တော့မယ်လေ သမီးရဲ့။ ဒါမှ အရင်က ယူထားတဲ့ ငွေတွေလည်း ကျေမယ်၊ ပိုလျှံတဲ့ ငွေနဲ့ နောက်နှစ်တွေ ငါ့သမီး တက္ကသိုလ်ကျောင်းသူကြီး အတွက် ပညာသင်စရိတ်အဖြစ် သုံးဖို့ ချန်ထားရမှာ။ ဖေဖေတို့မှာ ဥယျာဥ်ခြံ ရှိသားပဲ။ အဲ့ဒီ ခြံထဲမှာ လောလောဆယ် တဲလေးထိုးပြီး သီးပင်စားပင်တွေနဲ့ နေလို့ရတာပဲ။ ကဲ ဘယ်လောက် အဆင်သင့်ပြီး အေးချမ်းလိုက်လဲ”
“ဖေဖေရယ်။ ခြံက ရွာနဲ့ နည်းနည်းအလှမ်းဝေးတော့ ဖေဖေ့ကို စိတ်မချလိုက်တာရှင်”
“စိတ်ချပါ သမီးရဲ့၊ ဖေဖေက ကျန်းမာရေး ဒေါင်ဒေါင်မြည်၊ သမီးလေးသာ စာကြိုးစားနော်”
သမီးသာ စာကြိုးစားနော်တဲ့။သူမက တက္ကသိုလ် ဒုတိယနှစ်ကို ဆက်မတက်ပဲ နားထားပြီး အလုပ်တွေ လျှောက်လုပ်နေခဲ့တာကိုသာ ဖေဖေသိရင် ဘယ်လောက် ခံစားလိုက်ရမလဲ။ အိမ်ခြံဝင်းလေးကို ပြန်ရွေးနိုင်ဖို့ နေ့ဘက်ဆို ဝန်ထမ်းလုပ်ပြီး ညဘက်ဆို ဂိုက်သင်ကာ ငွေစုထားခဲ့သည်။အခုတော့ အိမ်ခြံဝင်းလေးကို ပြန်မရွေးပေးနိုင်ခင် ဖေဖေက အပြီးရောင်းပစ်တော့မည်။ ဒါကလည်း သူမရဲ့ အနာဂတ် ပညာရေး အတွက် လိုအပ်သောကြောင့်ဖြစ်သည်။ သက်မလေး ကြိတ်ရှိုက်ပြီး ပြောပြဖို့ တွေးထားသမျှအကြောင်းများကို ပြောမထွက်တော့။
“ဟုတ်”
“ဒါဖြင့် ဖေဖေ ဖုန်းချတော့မယ် သမီး”
“ဟုတ်၊တာ့တာ ဖေဖေ”
ဖုန်းလေးကို ကိုင်ပြီး ခဏ ငိုင်နေမိသည်။ ဘာပဲ ဖြစ်ဖြစ်လေ။ သူမရဲ့ မူလ အစီအစဥ်အတိုင်း ရွာကိုပြန်ရမည်။ အဖေနဲ့ လူချင်းတွေ့မှ သူမ ကျောင်းနားထားတဲ့အကြောင်းနှင့် ပန်းဆိုင်မှာ ခဏတာ ဝန်ထမ်းလုပ်ခဲ့ကြောင်း၊ ညဘက် ဂိုက်သင်ပြီး ငွေစုထားကြောင်းတွေကို ဖွင့်ဟ ပြောပြရမည်။ တစ်ရက်သာ အလုပ်ဆင်းခဲ့ရတဲ့ စိန်ဆိုင်ကြီး အကြောင်းတော့ မပြောတော့ပါဘူးလေ။ရွာမှာ နေပြီး နောက်ထပ် တစ်နှစ် နှစ်နှစ်လောက်ကြာလို့ ငွေပြန်စုမိကာမှ သူမရဲ့ တက္ကသိုလ် ပညာရေးခရီးကို ဆက်လျှောက်ဖို့ ဆုံးဖြတ်ချက်ချမိသည်။
ရုတ်တရက် သူမဘဝမှာ ခဏတာ ဆုံခဲ့ရတဲ့ တောက်ပပြီး ကြွယ်ဝ လွန်းတဲ့ ဘော့စ်ကို သတိရသွားသည်။ ရုတ်ချည်း စိတ်ဟာ ညိုးငယ်ကျသွားသည်။ ဆွေးလျလျ ခံစားမှုက ရောက်လာပြန်သည်။ ဒီတစ်နေ့မှာတော့လေ… လှပပြီးအရှိန်အဝါကြီးမားတဲ့ ဘော့စ်ရဲ့ ပုံရိပ်က သူမ အာရုံထဲမှာ တဝဲဝဲရှိလှပါလား။ သြော်…ခက်ပါ့နော်။ ကျွန်မကိုထွက်ပြေးခွင့်ပြုပါကွယ်။မတူညီ မအပ်စပ်တဲ့ ဘဝနှစ်ခုဆိုတော့ နောက်များမှာ မေ့မေ့ပျောက်ပျောက်ရှိသွားတန်ကောင်းပါရဲ့လေ။
………………….
Author ရိပ်ဆာယာ
ဒီ GL fic ဇာတ်လမ်းသစ်လေး မှာ ပါဝင်တဲ့
ဆ”င် ဆာ အခန်းတွေကို ထင်သာမြင်သာရှိပြီး လှပအောင်၊အဆင့်အတန်း ရှိအောင် ဖော်ကျူး ဖန်တီး ထားပါတယ်။
