ကျွန်တော့် ရူပဗေဒဆရာမလေးရေးသားသူ – ချမ်းကို (Chan Ko)🏵️အပိုင်း (၄) ဇာတ်သိမ်း🏵️အဲ့ဒီလို လူသိရှင်ကြား ဖြစ်ပြီးတဲ့ နောက်မှာတော့ ကျနော်နဲ့ ကျနော့်ရူပဗေဒဆရာမလေးဟာ ခင်ဗျားတို့ အသေအချာ မသိလောက်တဲ့ တောင်တန်းတွေဝန်းရံထားတဲ့ မထင်မရှားမြို့ကလေးမှာ လူတကာ ငေးမောအားကျရတဲ့ စုံတွဲလေး ဖြစ်လာတယ်ပေါ့ဗျာ။ ငချိုကန်းရယ် ကြွားပြန်ပြီလို့ ဆိုချင်လည်း ဆိုကြပါတော့။ ကြွားလက်စနဲ့ ဆက်ကြွားပါရစေတော့။ ပေတိပေစုတ် ဖြစ်ကတတ်ဆန်းနေတတ်တဲ့ ကျနော့်ပုံစံတွေ ပြောင်းလာတာကိုးဗျ။ ရှည်လျားလွန်းတဲ့ ဆံပင်ကို မဖီးမသင်၊ အဝတ်အစား ဖြစ်သလိုဝတ်တတ်တဲ့ ကျနော့်ပုံစံက အမြဲတမ်း လမ်းသရဲရုပ်ပေါက်နေတတ်တာကနေ ဆရာမလေးလက်ချက်နဲ့ ဆံပင်ဂုတ်ထောက်၊ ဘေးခွဲ သပ်သပ်ရပ်ရပ်ညှပ်( ကိုဖိုးသက်လေးက အခုမှ ရေလည်သန့်သွားတယ်၊ ကျမကောင်ချောလေးဆိုပြီး ချော့မော့တော့ ပျော်တာပေါ့ဗျာ <<< သည်းခံပြီး ဖတ်ပါ) ကျနော့်ကိုယ်ပေါ်က အဝတ်တွေကအစ မာတင်ရှပ်အဖြူ မီးအိုးထိုးပြီးသား၊ လက်အဖျားကို သပ်သပ်ရပ်ရပ်ခေါက်၊ အောက်က သော့တံဆိပ်ကုလားပုဆိုး အပြာနုနုလေးနဲ့၊ တခါတလေ အဲရိုးစပို့ရှပ်နဲ့ ဂျင်းပင်န်..၊ ပွဲရုံမှာ အလုပ်လုပ်တဲ့အခါ ခေါင်းလောင်းဘောင်းဘီနဲ့ ဂျင်းရှပ်ကြပ်ကြပ်ကလေးကို တံထောင်ဆစ်အထိခေါက် အဲ့လိုလေးတွေပေါ့ဗျာ။ သူဆင်ပေးတာဗျ။ သူက ဒါဝတ်ဆို ဝတ်ရတာမျိုးပေါ့။ ကျနော့်ချစ်သူ ဒီဇိုင်နာဆရာမလေး။
ကျွန်တော့် ရူပဗေဒဆရာမလေး (အပိုင်း ၄) [ဇာတ်သိမ်း]
×